Thursday, January 22, 2015

((( သင် အမှန်တကယ် ငြိမ်းချမ်းရေးရချင်သလား)))

မိန်နွေ( ငါန်းဇွန်) | Thursday, January 22, 2015 | Best Blogger Tips

သင်ဟာ အမှန်တကယ်ငြိမ်းချမ်းရေးလိုချင်သူ ဟုတ်၊မဟုတ် သင်၏ လုပ်ဆောင်ချက်က တစ်ဖက်လူကို သိစေနိုင်သည်။ သင်သည် ငြိမ်းချမ်းရေးလိုချင်သည်ဟု နေရာတိုင်းတွင် ခပ်ဖွာဖွာပြောဆိုသုံးနှုံးနေသော်လည်း သင်ပေးသည့် မှတ်ချက်နှင့် သင်ရေးသားသော
စာလုံးများက ငြိမ်းချမ်းရေးလမ်းစဉ်နှင့် ကွဲလွဲနေလျှင် သင်သည် အမှန်တကယ်ငြိမ်းချမ်းရေးလိုချင်သူမဟုတ်ပါ။ ငြိမ်းချမ်းရေးသည် ဘက်လိုက်၍ မရပါ။ အတုလုပ်၍ မရပါ။ ကမ္ဘာပေါ်တွင် အဘယ့်ကြောင့် မငြိမ်းချမ်းပဲ စစ်ပွဲများဖြစ်နေပါသနည်းဟူသော
မေးခွန်းကို သီတဂူဆရာတော်ကြီးက ( လောဘ တရားတစ်ခုတည်းကြောင့် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေးမရပဲ စစ်ပွဲများဖြစ်နေရသည် ) ဟု ဖြေကြားသည်ကို မှတ်သားခဲ့ရဖူးပါသည်။

မှန်ပါသည်။ ငြိမ်းချမ်းရေးလိုချင်သူသည် လောဘတရားများ လွတ်လွတ်
မစွန့်လွတ်နိုင်သော်လည်း နည်းပါးသထက် နည်းပါးအောင်ပြုလုပ်နိုင်ရမည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆင်မပြေပဲ သဘောထားများကွဲလွဲနေခြင်းကလည်း ယင်းလောဘကြောင့်ဖြစ်သည်။ ပိုင်ဆိုင်မှု၊ အုပ်ချုပ်မှု၊ အာဏာ၊ မာန၊အတ္တ၊ဓန တို့မစွန့်လွှတ်နိုင်သောအခါ
ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် အဆင်မပြေနိုင်ပါ။ တစ်ချို့ဆိုလျှင် ငြိမ်းချမ်းရေးဆွေးနွေးသည်မဟုတ်ပဲ သယံဇာတ၊အာဏာ၊ပိုင်ဆိုင်မှုတို့ကို ခွဲယူနေသကဲ့သို့ပင်ဖြစ်နေသည်။ ယင်းသို့သောအခါ ငြိမ်းချမ်းရေးလိုချင်သည်ဟု ဟစ်ကြွေးကြသော လူတို့ကလည်း
ဘယ်သူမှ၊ ဘယ်ဝါမှ--ဟု ဆန္ဒများတင်ပြလာသည်။ အမှန်တကယ် ငြိမ်းချမ်းရေးသည် ဘယ်သူဘယ်ဝါမရွေးပါ။ လောကကြီးတွင် မည်သည့်နေရာတွင်ဖြစ်ဖြစ် ငြိမ်းချမ်းရေးရနိုင်ဖို့ရာတွင် အကြောင်းတရား( ၄ )ချက်နှင့် ညီညွတ်လျှင် စစ်မှန်သည့်၊ အမှန်တကယ်
ငြိမ်းချမ်းသည့် ငြိမ်းချမ်းရေးကို ရနိုင်သည်။ ရ-ကို ရ-သည်။ ယင်း အကြောင်းတရားလေးချက်မှာ---
၁။ မိမိနှင့်အတူ အခြားသောမည့်သည့်ပုဂ္ဂိုလ်ပေါ်မဆို ချစ်ခြင်းမေတ္တာရှိရမည်။
၂။ မိမိနှင့်အတူ အခြားသောမည်သည့်ပုဂ္ဂိုလ်ပေါ်မဆို ကိုယ့်ထက်နိမ့်ကျလျှင် သနားခြင်းနှင့်စာနာ နားလည်ခြင်းရှိရမည်။
၃။ မိမိနှင့်အတူ အခြားသော မည်သည့်ပုဂ္ဂိုလ်ပေါ်မဆို ကိုယ့်ထက်သာနေလျှင် ၀မ်းမြောက်ခြင်းရှိရမည်။
၎။ မိမိနှင့်အတူ အခြားသော မည်သည့်ပုဂ္ဂိုလ်ပေါ်မဆို သည်းခံခြင်းတရားရှိရမည်။
    ဤအကြောင်းတရား( ၄ )ချက်သည် လူတိုင်း၏ စိတ်နှလုံးသားထဲကိန်းအောင်းနေမည်ဆိုပါလျှင် ကမ္ဘာလောကကြီးသည် အမှန်တကယ်ငြိမ်းချမ်းလာပေမည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်လျှင်လည်း ဤအချက်(၄)ချက်နှင့် ပြည့်စုံသည့်
ပုဂ္ဂိုလ်များဖြစ်က လွယ်လွယ်ကူကူနှင့် အဆင်ပြေစွာ အောင်မြင်သွားပေမည်။ ယင်းသို့ဆိုလျှင် သင်သည် အမှန်တကယ်ငြိမ်းချမ်းရေး ရချင်ပါသလားဟု ကျွန်တော်မေးချင်ပါသည်။ သင်သည် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်သည်ဖြစ်ပါက ဤအချက်(၄)ချက်ကို
ပြည့်စုံနေရမည်။ သင်မှမဟုတ်။ သင်မှလွဲသည့်အခြားသောသူတို့ ငြိမ်းချမ်းရေးရချင်သည်ဟု ပြောဆိုလာသည့်အခါ ထိုလိုချင်သည့်ပုဂ္ဂိုလ်ကို အကြောင်းတရား(၄)ချက် ရှိမရှိ ကြည့်ပါ။ (၄)ချက်လုံး မပြည့်စုံနိုင်သော်လည်း (၁)ချက်မျှ ပြည့်စုံလျှင်ပင်
ငြိမ်းချမ်းရေးသည် အနည်းအများတော့ရနိုင်သည်သာ။ အကြောင်းတရား( ၁ )ချက်မှ မရှိလျှင် အချိန်ကုန် အပင်ပန်းခံမလိုပါ။ ထိုသူသည် ငြိမ်းချမ်းရေးမလိုချင်ပဲ အခြားသောသူတို့ကို သက်သက်နှောက်ယှက်၍ ပုဆိုးခြုံပြီး ရန်တိုက်ပေးသူသာလျှင် ဖြစ်ချေတော့သည်။

မိန်နွေ

16/12/2014

No comments:

Post a Comment