Monday, December 28, 2015

မော်လမြိုင်မြို့၊ ဆင်ဖြူစာသင်တိုက်

မိန်နွေ( ငါန်းဇွန်) | Monday, December 28, 2015 | Best Blogger Tips
ဤစာမူသည် အတွဲ-၃၀၊ အမှတ်-၅၊ ၂၀၁၄-ခုနှစ်၊ နိုဝင်ဘာလထုတ် မြတ်မင်္ဂလာစာစောင်တွင် မျက်နှာဖုံးအဖြစ် ဖော်ပြခံရသော စာမူဖြစ်ပါသည်။ ရေးသားသူမှာ ၀ဲပျံဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသ ဖြစ်ပါသည်။

                                         မော်လမြိုင်မြို့၊ ဆင်ဖြူစာသင်တိုက်

မော်လမြိုင်မြို့၊ ဆင်ဖြူစာသင်တိုက်ကြီးသည် မွန်ပြည်နယ်တစ်လွှား၌ စာသင်သား ၈၀၀-ကျော်တို့ ပညာနို့သောက်စို့ရာ ကျောင်းတိုက်ကြီးအဖြစ် အထူးပင် နာမည်ကျော်ကြားလှသည်။ ထိုကျောင်းတိုက်ကြီးအတွင်းဝယ် ခံ့ညားထည်ဝါလှသော ဗုဒ္ဓ၀ါဒီငါးထပ်ကျောင်းတော်နှင့်တကွ များစွာသော ကျောင်းဆောင်ကြီးတို့သည် ရွှေမြိုင်သူ၊ ရွှေမြိုင်သားတို့၏ သဒ္ဓါတရားကို ဖော်ကျူးလျက်ရှိ၏။ ကျောင်းတိုက်အလယ်ဗဟိုရှိ ပဓာနနာယကဆရာတော်ကြီး သီးတင်းသုံးရာ သာသန၀ုဍ္ဎိကာရီသိမ်တော်ကြီးနှင့် ကျောင်းတိုက်၏ အမှတ်သင်္ကေတသဖွယ်ဖြစ်သော ဆင်ဖြူတော်ရုပ်တုကြီးသည် ရှုချင်စဖွယ် အလွန်ပင်တင့်တယ်လှပေသည်။ မွန်ပြည်နယ် သာသနာ့ဂုဏ်ဆောင် ဆင်ဖြူစာသင်တိုက်ကြီး၏ ယခုလက်ရှိ ပဓာနနာယကဆရာတော်ကား ဘဒ္ဒန္တ ခေမာစာရဖြစ်၏။

 ၀ါဆိုသံဃာ ၈၀၀-ကျော်
ဆရာတော်ဘဒ္ဒန္တခေမာစာရသည် ကျောင်းတိုက်ကြီး၏ စတုတ္ထမြောက်ဆရာတော် ဖြစ်သည်။ ဘဒ္ဒန္တဉေယျ (ပထမဆရာတော်)၊ ဘဒ္ဒန္တကေသရာဘိဝံသ( ပိဋကတ္တယပါရဂူ)( ဒုတိယဆရာတော်)၊ ဘဒ္ဒန္တသုမန(
တတိယဆရာတော်)တို့ ပျံလွန်တော်မူပြိးနောက် လက်ရှိဆရာတော် ဘဒ္ဒန္တခေမာစာရသည် ဆင်ဖြူစာသင်တိုက်သို့ ၁၃၅၅-ခုနှစ်၊နယုန်လတွင် ရောက်ရှိသီတင်းသုံးနေထိုင်သည်။ ဆရာတော်ရောက်စက စာသင်သားသံဃာ အပါး ၃၀-သာရှိခဲ့ရာမှ ယခုအခါ ကျောင်းတိုက်၌ ၀ါဆိုသံဃာ ၈၀၀-ကျော်အထိ ရှိလာခဲ့သည်။ ဆရာတော် ဘဒ္ဒန္တခေမာစာရသည် ဆင်ဖြူစာသင်တိုက်ကြီးကို မိမိကိုယ်တိုင် ဦးစီးဦးဆောင်စီမံအုပ်ချုပ်လျက် စာချဘုန်းကြီးများကိုလည်း ဆရာတော်ချမှတ်သော လမ်းညွှန်စည်းကမ်းချက်များအတိုင်း တာဝန်ယူအုပ်ချုပ်စေပါသည်။ ဆရာတော်သည် မိမိထံ ပညာရည်နို့သောက်စို့ရန် ဆည်းကပ်လာကြကုန်သော တပည့်သံဃာများကို ခွဲခြားမှုမရှိဘဲ ဆက်ဆံသည်။ ပရိယတ္တိအခြေခံမရှိသေးသည့် ရှင်သာမဏေငယ်လေးများမှ စ၍ လက်ခံသည်။ ယဉ်ကျေးမှုစာပေမှအစ ပရိယတ္တိအခြေခံကောင်းအောင် သင်ကြားပေးသည်။ ပရိယတ်အခြေခံရလာသောအခါ ငယ်၊လတ်၊ကြီးဆိုင်ရာ သဒ္ဒါ၊သင်္ဂဟ၊ အလင်္ကာ၊ ဆန်း၊ယမိုက်၊ပဋ္ဌာန်းစသော နေ့စာဝါ၊ညစာဝါများကို တစ်နေ့ ၄-ကြိမ် သင်ကြားပို့ချသည်။ ကျောင်းတိုက်တွင် တစ်ရာကျော်ရှိသော ဓမ္မာစရိယတန်း သံဃာတော်များကိုလည်း ကျမ်းရင်းသုံးကျမ်းဆိုင်ရာ စာဝါများကို နှစ်စဉ်ပို့ချပေးတော်မူသည်။ ထို့ပြင် မော်လမြိုင်မြို့၊ ကော့လှာကျောင်း၊ပရိယတ္တိစာသင်တိုက်၊ဓမ္မောဇာလယ ဓမ္မာစရိယသင်တန်း၌လည်း ၁၃၆၅-ခုနှစ်မှ စ၍ နှစ်စဉ်၊နှစ်စဉ်တိုင်း မော်လမြိုင်မြို့ပေါ်မှ ၃၀၀-ကျော်၊၄၀၀-နီးပါးရှိသော ရဟန်း၊သာမဏေ၊ သီလရှင်စာလိုက်ပုဂ္ဂိုလ်တို့အား စာချတန်းဆိုင်ရာ ပါရာဇိကဏ် ပါဠိ+အဋ္ဌကထာစာဝါကိုလည်း သင်ကြားပို့ချပေးတော်မူခဲ့သည်။

ဆွမ်းခံထွက်လေ့ရှိ
ဆရာတော်သည် တပည့်ဒါယကာ၊ဒါယိကာမတို့၏ သဒ္ဓါတရားကို ချီးမြှောက်သောအားဖြင့် ၀ါတွင်း ၀ါပ အရုဏ်ဆွမ်းခံကြွရာ၌ သက်တော် ၆၂-နှစ်ရှိစေကာမူ ရှေ့ဆုံးမှဦးဆောင်၍ ကြွသည်။ တစ်တိုက်တာလုံး သင်္ကန်းအညိုရောင်ဝတ်ဆင်ယင်ပြီး ယပ်၊သပိတ်လွယ်တို့ဖြင့် သမဏရုပ္ပ ရဟန်းတို့၏ ဣနြေ္ဒသိက္ခာနှင့် လျော်ညီစေလျက် နေပူမရှောင်၊ မိုးရွာမရှောင် ဆွမ်းခံကြွကြသည်။
သြ၀ါဒ
လောကီ၊လောကုတ္တရာ နှစ်ဖြာသော အကျိုးဖြစ်ထွန်းစေဖို့ရာ တပည့်သားတို့အား ဆရာတော် အမြဲသြ၀ါဒချီးမြှင့်သည်။
'' သာသနာနှင့် လောက နှစ်မျိုးတို့တွင် ဘုရားသာသနာတော်က အဓိကကျပါတယ်။ သာသနာတော်အတွင်း၌ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်နေကြသော ရဟန်းသံဃာတော်များသည် သီလရှိရမယ်၊ စာပေကျမ်းဂန် တတ်မြောက်ရမယ်၊ အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံရမယ်၊ မြတ်သော အကျင့်ကိုလည်း ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမယ်။ ဒီတရားလေးမျိုးနှင့် ပြည့်စုံအောင် နေထိုင်ကြမှသာ မိမိနေသည့် မြို့၊ရွာ၊တိုင်းဒေသနှင့် နိုင်ငံအတွင်းမှာ အေးချမ်းပြီး သာယာဝပြောမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သာသနာတော်အတွင်း၌ နေထိုင်ကြသော ရှင်၊ရဟန်း သံဃာတော်များသည် သီလရှိအောင်၊ အကြားအမြင်ဗဟုသုတနှင့် ပြည့်စုံအောင်၊ စာပေကျမ်းဂန်တတ်မြောက်အောင်၊ မြတ်သောအကျင့်ကို ကျင့်ကြံနိုင်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ''  '' ကြားမြင်သုတ၊ သီလရှိမှန်း၊ ရဟန်းသံဃာ၊ အရိယာများပြား၊ ဤလေးပါးသည်၊ တိုင်းကားရွှေပြည်၊ သာကြောင်းမည်၏ ''
သာသနာ့အာဇာနည်များပေါ်ထွက်
ထိုကဲ့သို့ ဆုံးမသွန်သင် နည်းလမ်းပြပေးမှုတို့ကြောင့် ဤတိုက်တော်ကြီးမှ သာသနာ့အာဇာနည်ပေါင်းများစွာတို့ ပေါ်ထွက်လျက်ရှိသည်။ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များလည်း ရှိခဲ့သည်။
၁၃၆၅-ခုနှစ်တွင် ရှင်အဂ္ဂဉာဏသည် ပထမလတ်တန်းတွင် တစ်နိုင်ငံလုံး၌ တတိယဂုဏ်ထူး၊ ၁၃၆၇-ခုနှစ်တွင် ရှင်ပညာသီဟသည် ပထမလတ်တန်းတွင် တစ်နိုင်ငံလုံး၌ ဒုတိယဂုဏ်ထူး၊ ၁၃၇၂-ခုနှစ်တွင် အစိုးရတိပိဋကစားမေးပွဲတွင် အရှင်အဂ္ဂဉာဏာလင်္ကာရသည် ၀ိနယဓရဘွဲ့၊ ၁၃၇၃-ခုနှစ်တွင် ဥဘတောဝိဘင်္ဂကောဝိဒဘွဲ့ တို့ကို အောင်မြင်ခဲ့ပါသည်။  ထို့အပြင် နိုင်ငံတော် အစိုးရသာသနဓဇ ဓမ္မာစရိယဘွဲ့ရသံဃာတော် ၁၅-ပါးတို့ကိုလည်း ထွက်ပေါ်စေခဲ့ပါသည်။ ဆရာတော်၏ သာသနာပြုလုံ့လ၀ီရိယ စေတနာသည်ကား အားကျကြည်ညိုဖွယ် ကောင်းလှပပေသည်။
 အတ္ထုပ္ပတ္တိ
သာသနာတော်၏ စံပြသဖွယ်ဖြစ်သော ဆရာတော်ဘဒ္ဒန္တခေမာစာရသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာဇာတိဖြစ်သည်။ ခမည်းတော် ဦးဘသိန်း၊ မယ်တော် ဒေါ်ဒေါ်ဆွေတို့က ၁၃၁၃-ခုနှစ်၊ နတ်တော်လဆုတ် ၁၁-ရက်၊ တနင်္လာနေ့တွင် ဖွားမြင်တော်မူသည်။ မွေးချင်းလေးယောက်တွင် တတိယမြောက်သားရတနာ ဖြစ်သည်။
ဆရာတော်လောင်းလျာသည် ၁၃၂၇-ခုနှစ်၊ တပေါင်းလဆန်း ၅-ရက်၊ တနင်္လာနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ၊ ဇေယျဘုမ္မိကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကုသလမဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ ဦးဘသိန်း+ဒေါ်ဒေါ်ဆွေ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
၁၃၃၃-ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀-ရက်နေ့တွင် တနင်္သရီတိုင်းဒေသကြိး၊ ထားဝယ်မြို့၊ ကညုံရပ်၊ ဃောသိတာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဃောသိတာဘိဝံသ မဟာထေရ်မြတ်ကို ဥပဇ္ဈာပြုလျက် မြိတ်မြို့၊ ဘီလမ်းနေ ဦးစစ်ကြည်+ဒေါ်မြကြည် မိသားတို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
ပညာသင်ယူဆည်းပူးခြင်း
ဆရာတော်သည် တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ၊ ဇေယျဘုမ္မိကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုသလ၊ ၀ါးတန်းကျောင်းဆရာတော် ဘဒ္ဒန္တစက္ကိန္ဒ၊ ထားဝယ်မြို့ ဃောသိတာရာမကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဃောသိတာဘိဝံသ(အဘိဓဇမဟာရဋ္ဌဂုရု)၊ ဘဒ္ဒန္တ၀ါယာမာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ)၊ ဘဒ္ဒန္တမာလာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ)၊ ဘဒ္ဒန္တသီလ၀ံသ ( အဂ္ဂမဟာ ဂန္ထ၀ါစကပဏ္ဍိတ)၊ စစ်ကိုင်းတိုင်းဒေသကြိး၊ မင်းကွန်းတိုက်နယ်၊ တိပိဋကနိကာယကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ( တိပိဋကဓရ၊တိပိဋကကောဝိဒ၊ဓမ္မဘဏ္ဍာဂါရိက၊အဘိဓဇမဟာရဋ္ဌဂုရု) စသော ဆရာတော်ကြီးများထံ ပရိယတ္တိစာပေကျမ်းဂန်းများကို သင်ယူဆည်းပူးတော်မူခဲ့သည်။
အောင်မြင်ခဲ့သော စာမေးပွဲများ
ဆရာတော်သည် (က) ၁၃၃၆-ခုနှစ်၌ အစိုးရသာသနဓဇ ဓမ္မာစရိယဘွဲ့၊ (ခ) ၁၃၃၉-ခုနှစ်၌ အစိုးရတိပိဋကဓရရွေးချယ်ရေးစားမေးပွဲတွင် ဒီဃဘာဏကဘွဲ့၊ (ဂ) ၁၃၄၂-ခုနှစ်၌ ဒီဃနိကာယကောဝိဒဘွဲ့၊ (ဃ)၁၃၄၉-ခုနှစ် ၀ိနယဓရဘွဲ့နှင့် (င) ၁၃၅၀-ပြည့်နှစ်၌ အစိုးရနိကာယ်စာမေးပွဲ ၀ိနယ၀ိဒူဘွဲ့တို့ကို ရရှိအောင်မြင်တော်မူခဲ့သည်။
သံဃာ့အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ခြင်း
ဆရာတော်သည် ၁၃၅၈-ခုနှစ်မှ စတင်၍ ယခုအချိန်အထိ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် မော်လမြိုင်မြို့နယ်၊၀ိနည်းဓိုရ်တာဝန်နှင့် မွန်ပြည်နယ် ၀ိနည်းဓိုရ်တာဝန်တို့ကိုလည်းကောင်း၊ ၁၃၆၀-ပြည့်နှစ်နှင့် ၁၃၆၁-ခုနှစ်တို့တွင် နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲ၌ ပုစ္ဆကတာဝန်တို့ကိုလည်းကောင်း၊ ထားဝယ်မြို့၊ ပရိယတ္တိသာသနာနုဂ္ဂဟအသင်းစာမေးပွဲ၊ ရေးမြို့နယ်၊ အစင်ကျေးရွာ၊ မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲတို့၌ ပုစ္ဆကတာဝန်ကိုလည်းကောင်း၊ မော်လမြိုင်မြို့ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးနှင့် ကျိုက်ဖနဲရပ် ရွှေကြက်ယက်စေတီတော်မြတ်ကြီးတို့၌ သြ၀ါဒါစရိယတာဝန်တို့ကိုလည်းကောင်း ထမ်းဆောင်ပြီး၊ ထမ်းဆောင်ဆဲဖြစ်သည်။
ကျမ်းစာရေးသားပြုစုတော်မူခြင်း
ဆရာတော်သည် ပထမကြီးတန်းသံဃာတော်များအတွက် သင်္ဂဟလက်သန်းပဋ္ဌာန်းကျမ်းနှင့် ဓမ္မာစရိယသံဃာတော်များအတွက် နိယံနှင့် ရှင်းတမ်းများကျမ်းစာအုပ်တို့ကို ရေးသားပုံနှိပ်ထုတ်ဝေပြီး ဓမ္မဒါနအဖြစ် လှူဒါန်းခဲ့သည်။ ထို့ပြင် ဓမ္မာစရိယတန်းဆိုင်ရာ နိယမသာရဒီပနီကျမ်းလာ နိယံရှင်းတမ်းများကိုလည်း ဖတ်ရှုလေ့လာလိုသူများ ရှင်းလင်းလွယ်ကူစွာ လေ့လာနိုင်ရန် ကွန်ပျူတာဖြင့် ရိုက်နှိပ်ထုတ်ဝေ လှူဒါန်းခဲ့သည်။
ဆရာတော်သည် ပရဟိတလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း စွမ်းစွမ်းတမံရှိခဲ့သည်။ ဆင်ဖြူစာသင်တိုက်ကြိးတည်ထောင်စက အလယ်ဗဟို ရှေးဟောင်းဆွမ်းစားကျောင်းဆောင်ကြီးနှင့် ကျောင်းဆောင်ငယ် ၄-ဆောင်မျှသာ ရှိခဲ့သည်။ ယခု ဆရာတော်၏ လက်ထက်တွင် ကျောင်းတိုက်အဆောက်အအုံပေါင်းများစွာ ပေါ်ထွန်းအောင် စွမ်းဆောင်နိုင်ခဲ့သည်။ အမျိုးဘာသာ သာသနာအတွက်လည်း များစွာလှူဒါန်းထောက်ပံ့ပေးခဲ့သည်။
နှစ်စဉ်နှစ်တိုင်း မွေးနေ့အလှူနှင့် ဆင်ဖြူစာသင်တိုက်မှ စာမေးပွဲအောင်မြင်ကြသော စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ခြင်း စသည်ဖြင့် ဆရာတော်၏ စွမ်းဆောင်ချက်များ အလွန်ပင်များပြားခဲ့သည်။
ဆပ်ကပ်ခံရသော ဘွဲ့တံဆိပ်များ
ထိုကဲ့သို့ အမျိုးဘာသာသာသနာအတွက် ဆောင်ရွက်မှုတို့ကြောင့် ဆရာတော်အရှင်ခေမာစာရအား နိုင်ငံတော်အစိုးရက (က) ၁၃၆၅-ခုနှစ်တွင် မဟာဂန္ထ၀ါစကပဏ္ဍိတဘွဲ့၊ (ခ) ၁၃၇၀-ပြည့်နှစ်တွင် အဂ္ဂမဟာဂန္ထ၀ါစက ပဏ္ဍိတဘွဲ့တို့ကို ဆက်ကပ် လှူဒါန်းခဲ့သည်။
မြို့၏ကျက်သရေဆောင်
'' ၀ီရိယ၀တော ကိံနာမ ကမ္မံ န သိဇ္ဈတိ '' လို့ ဘုရားရှင်ဟောတော်မူခဲ့သည့်အတိုင်း အောင်မြင်တိုးတက်လိုသူတိုင်း လုံ့လ၀ီရိယရှိကြရမှာ ဖြစ်ဖို့ တက်တက်ကြွကြွ ကြိုးစားလုပ်ကိုင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကြိုးစားအားထုတ်လုပ်ကိုင်နေတဲ့ ပုဂ္ဂိုလ်များမှသာ အောင်မြင်မှုပန်းတိုင် ဟူသော ပညာ၊ဥစ္စာကို အရောက်လှမ်းနိုင်၊ ယူနိုင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ လုံ့လ၀ီိရိယရှိအောင် နေထိုင်ကြပါ။ ကြိုးစားအားထုတ်ကြပါ။ မဃဒေ၀ဆရာတော်ကလည်း '' ထကြွ ၀ီရ၊ ဥဋ္ဌာနဖြင့်၊ လုံ့လရှိမှ၊ ဥစ္စာရ၏ '' ဟု မိန့်ကြားထားတယ်--ဟူ၍ ဆရာတော်က တပည့်စာသင်သားတို့အား သြ၀ါဒပေးလေ့ရှိသည်။ ဆရာတော်ကိုယ်တိုင်လည်း လုံ့လ၀ီရိယရှိရှိဖြင့် ရှေ့သို့မှန်မှန် လှမ်းတက်ခဲ့သည်။ ၁၈-နှစ်ဟူသော အချိန်တိုလေးအတွင်း၌ ၈၀၀-ကျော်သော ပရိယတ္တိဝန်ဆောင် ရှင်၊ရဟန်းတို့ ချမ်းချမ်းသာသာ ပရိယတ္တိစာပေများ သင်အံပို့ချပေးလျက် တစ်နှစ်ထက်တစ်နှစ် တိုးပွားစည်ပင်လျက်ရှိသည်မှာလည်း ဆရာတော်၏ ကျေးဇူးပင်ဖြစ်သည်။
ဆင်ဖြူစာသင်တိုက်ကြီးသည် ဒါယကာ၊ ဒါယိကာမတို့၏ အားကိုးယုံကြည်မှု၊ ချီးမြှောက်မှု၊ ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းမှုတို့ဖြင့် အထူးပင် ပြည့်စုံနေပေသည်။

                                                                                           အရှင်နန္ဒ၀ံသ

No comments:

Post a Comment