Wednesday, December 24, 2014

((( အသေခံမလား ၊ နိုင်အောင်တိုက်မလား)))

မိန်နွေ( ငါန်းဇွန်) | Wednesday, December 24, 2014 | Best Blogger Tips

အသေခံမလား၊ နိုင်အောင်တိုက်မလား ဆိုတာနဲ့ မိတ်ဆွေရဲ့ဦးနှောက်ထဲမှာ တစ်ခုခုတော့ တွေးနေမှာပါ။ ကျွန်တော်တို့မှာ ပြေးလို့မလွတ်နိုင်တဲ့ရန်သူနဲ့ရင်ဆိုင်နေရပြီဆိုပါစို့။ မိတ်ဆွေအနေနဲ့ အဲဒီရန်သူကို နိုင်အောင်တိုက်မလား၊ ဘာမှမလုပ်ပဲ အသက်သေခံမလား။
ကျွန်တော်ကတော့ လုံးဝမနိုင်ဘူးဆိုရင်တောင် အဲဒီရန်သူကို ကျွန်တော်မသေခင်အထိ ဆက်လက်တိုက်ပွဲဝင်နေမှာပါ။ အလကားနေပြီးတော့ အသက်အသေမခံနိုင်ပါဘူး။ တကယ်လို့များ ကိုယ်ကပြန်ပြီးတိုက်ခိုက်တဲ့အချိန်မှာ အကြောင်းတစ်ခုခု၊ ဒါမှမဟုတ်
ကံကြမ္မာက ကိုယ့်ဘက်မှာရှိနေခဲ့ရင် ကိုယ်ဟာ အဲဒီရန်သူကို မလွဲမသွေအနိုင်ရလာမှာပါ။

ဥသြငှက်ဟာ သူရဲ့အဥကို ဥဖို့ ကျီးကန်းသိုက်ထဲက ကျီးကန်းဥတွေကို ဖယ်ထုတ်ပစ်တတ်ပါတယ်။ များသောအားဖြင့်ပါ။ တစ်ချို့ဥသြငှက်တွေကတော့ အဲဒီကျီးကန်းသိုက်ထဲမှာပဲ ကျီးကန်းဥတွေနဲ့ အတူတူဥထားခဲ့တာပါ။ ဥသြအဥတွေ ပေါက်လာပြိး
ကျီးကန်းမဟုတ်ပဲ ဥသြငှက်ဖြစ်မှ သူဟာအလိမ်ခံလိုက်ရပြီဆိုတာ သိလာရတဲ့ကျီးကန်းဟာ သိပင်သိလိုက်ပေမယ့်လို့ နောက်ကျသွားခဲ့ပါပြီ။  ကျွန်တော်တို့ လူ့ဘ၀ဆိုတာကလည်း အူဝဲဆိုပြီး မွေးဖွားလာကတည်းက လောကဓံဆိုတဲ့ ရန်သူကို လက်ယက်ခေါ်နေကြတာပါ။
အဲဒီတော့ ကျွန်တော်တို့မှာ ရန်သူရှိနေပြီပေါ့။ ဟုတ်ပြီ မိတ်ဆွေ။ လေးလေးနက်နက်ဖြစ်အောင် ကျွန်တော်ခင်ဗျားကို ထပ်ပြီးမေးပါ့မယ့်။ အသေခံမလား နိုင်အောင်တိုက်မလား။ လောကဓံဆိုတာမျိုးက ဗုဒ္ဓဟောကြားခဲ့တဲ့အတိုင်းဆိုရင် ရှစ်မျိုးရှိပါတယ်။
ကျွန်တော်တို့ ဟောကြားမှုတွေမပါပဲ ရိုးရိုးလေးပဲ ဆွေးနွေးကြမယ်ဗျာ။ လောကဓံဟာ အများကြီးရှိပါတယ်။ မိတ်ဆွေအနေနဲ့ လူငယ်သဘာဝအချစ်ရေးကံမကောင်းလို့ လူ့ဘ၀ကြီးစိတ်ကုန်နေတယ်။ စီးပွားရေးကံမကောင်းလို့၊ဒီထက်တိုးတက်မလာလို့။ လူမှုရေးနဲ့
ပညာရေး။ ပြီးတော့ အောင်မြင်မှုအထိပေါ့ဗျာ။ လူဆိုတာက စက်ယန္တရားတစ်ခုလိုပါပဲ။ စက်ယန္တရားဟာ သူ့ချည်းသက်သက် လည်ပတ်မှုဆိုတာ မဖြစ်လာနိုင်ပါဘူး။ သူ့ကိုလည်ပတ်ဖို့ ဓာတ်ငွေ့လိုတယ်ဗျာ။ အဲဒီလိုပါပဲ ကျွန်တော်တို့ရုပ်ခန္ဓာကိုယ်ကြီးမှာလည်း
အစဉ်အမြဲလည်ပတ်နေဖို့အတွက် စိတ်-ဆိုတာ လိုအပ်ပါတယ်။ အဲဒီစိတ်-လို့ခေါ်တဲ့ ၀ိညာဉ်ဆိုတာကြီး ကင်းပြတ်ပြီး ကွဲကွာသွားတဲ့အခါမှာ သေတယ်လို့ခေါ်ကြတာပါ။ ကျွန်တော်တို့ဟာ မသေသေးရင် စိတ်ဆိုတာရှိနေမှာပါပဲ။ အလုပ်လုပ်ရတာ စိတ်မပါပါဘူးကွာ-
စတဲ့စကားလုံးတွေဟာ အမှန်တော့ မှားယွင်းနေတာပါ။ စိတ်မပါတာမဟုတ်ပါဘူး။ စိတ်မ၀င်စားတာပါ။ လူတစ်ယောက်ရဲ့ အချစ်ရေး၊ စီးပွားရေး၊ပညာရေး၊လူမှုရေးနဲ့ အောင်မြင်ရေးတို့မှာ အဲဒီစိတ်ဆိုတာက အဓိကသက်ဆိုင်တဲ့အရာပါ။ လူ့လောကကြီးကို
ရောက်လာပြီဆိုတာနဲ့ အောင်မြင်မှုစတဲ့ ရန်သူတွေကို တွန်းလှန်တိုက်ခိုက်နေရတာပါ။ ဘီလ်ဂိတ်က ပြောခဲ့ပါတယ်။ ဆင်းဆင်းရဲရဲမွေးဖွားလာခြင်းဟာ သင့်အပြစ်မဟုတ်၊ ဆင်းဆင်းရဲရဲသေဆုံးသွားရခြင်းကသာ သင့်အပြစ်ဖြစ်တယ်တဲ့။ ဟုတ်ပါတယ်။
ကျွန်တော်တို့ ခုချိန်ထိဘာကြောင့် အောင်မြင်မှုမရကြတာလည်း။ အမှန်တော့ ကျွန်တော်တို့ဟာ ရန်သူကို မတိုက်ခိုက်ပဲနဲ့ အသေခံနေကြတာပါ။ အချစ်ရေးမှာ ရတဲ့သူနဲ့ယူမယ်။ စီးပွားရေးမှာ စားလောက်ရင်ပြီးတာပါပဲ။ ပညာရေးမှာ ကံမကောင်းဘူး။ လူမှုရေးမှာ
ဂျင်းနဲ့ မိတ်သလင် သူကြင်မှ ကိုယ်ကြင်မယ်။ အောင်မြင်မှုမှာ  ဒီထက်ရမလာနိုင်တော့ပါဘူး--စတဲ့အတွေးမျိုးနဲ့ လက်တွေ့ကျင့်သုံးနေကြသူတွေဟာ ရန်သူကို နိုင်အောင်တိုက်ခိုက်ခြင်းမရှိပဲ အလကားနေရင်းအသေခံကြတာပါ။ အမှန်တော့ မိတ်ဆွေအောင်မြင်မှုမရဘူးဆိုတာ
မိတ်ဆွေလိုချင်တဲ့ အောင်မြင်မှုထဲမှာ စိတ်ထဲထဲဝင်ဝင်မရှိသေးလို့ပါ။ မိမိလိုချင်တဲ့ အောင်မြင်မှု တစ်ခုခုကို စိတ်ဝင်တစားနဲ့ လေ့လာပါ။ မှတ်သားပါ။ လက်တွေ့လုပ်ဆောင်ပါ။စိတ်ဓာတ်ကို မြင့်ဆောင်ပါ။  မိတ်ဆွေဟာ မလွဲမသွေအောင်မြင်လာမှာပါ။ ကဲ နောက်တစ်ကြိမ်မေးမယ်မိတ်ဆွေ။
ခင်ဗျား မွေးဖွားလာတဲ့အချိန်ကစပြီး သေဆုံးသွားတဲ့အချိန်ထိ အောင်မြင်မှု၊ လောကဓံ-စတာတွေအတွက် အောင်မြင်မှုရယူမနိုင်ပဲ  အလားနေရင်းအချိန်တွေဖြုန်းပြီး အသေခံမလား။ အချိန်တွေကို အကျိုးရှိရှိအသုံးချပြီး အောင်မြင်မှုတွေ ရယူဖို့ နိုင်အောင်ပဲတိုက်မလား။
ဥသြငှက်ဥထားခဲ့တဲ့ ကျီးကန်းသိုက်ရဲ့ ပိုင်ရှင်ကျီးကန်းလို ဇာတ်လမ်းတွေ ဆုံးသွားပြီဆိုမှ နောင်တတွေရနေမလားဆိုတာ မိတ်ဆွေအချိန်ယူပြီး ကိုယ်တိုင်ပဲဆုံးဖြတ်လိုက်ပါတော့။

မိန်နွေ
16/12/2014

No comments:

Post a Comment